ဂျွန် ဝက်စလီ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ဝက်စလီ, ဂျွန်(ခရစ် ၁၇ဝ၃-၁၇၉၁)

ဂျွန် ဝက်စလီ (John Wesley) သည် မက်သဒစ်ခရစ်ယာန်ဂိုဏ်းကို တည်ထောင်ခဲ့သူဖြစ်သည်။ ၁၈ ရာစုနှစ်ဦးပိုင်းတွင် အောက်စဖို့တက္ကသိုလ်၌ အင်္ဂလန်သာသနာဂိုဏ်း သင်းထောက်ဆရာ ဂျွန်ဝက်စလီနှင့် သူ၏ညီ တက္ကသိုလ်ကျောင်းသား ချားဝက်စလီတို့ ခေါင်းဆောင်သော လူငယ်အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ခဲ့သည်။ ထိုအဖွဲ့ဝင်တို့သည် ဘုရားဝတ်ပြု ကိုးကွယ်မှု၌လည်းကောင်း၊ အနေအထိုင်၌လည်းကောင်း အလွန်စည်းကမ်းစနစ်ကြီးကြသည်။ အခြားကျောင်းသူ ကျောင်းသားတို့က ထိုအဖွဲ့ကို ဟိုးလီးကလပ် ဟုလည်းကောင်း၊ အဖွဲ့ဝင်များကို မက်သဒစ် ဟုလည်းကောင်း သရော်သည့်အနေဖြင့် ခေါ်ကြသည်။ ထိုသို့အားဖြင့် မက်သဒစ်ခရစ်ယန်ဂိုဏ်းဟူ၍ ပေါ်ထွက်လာလေသည်။

ဂျွန် ဝက်စလီသည် ၁၇ဝ၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လင်ကွန်းရှိုင်းယာနယ်၊ အက်ပဝပ်မြို့၌ဖွားမြင်သည်။ ဖခင် ဆယ်မျူယယ် ဝက်စလီသည် သင်းအုပ်ဆရာဖြစ်၍ ဂျွန်သည် သားသမီး ၁၉ ယောက် အနက် ၁၅ ယောက်မြောက်သားဖြစ်သည်။ ၁၇၂၄ ခုနှစ်တွင် အောက်စဖို့တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဖခင်၏ သင်းထောက်ဆရာအဖြစ် သာသနာဝန်ထမ်းအလုပ်၌ ဝင်ရောက်ဆောင်ရွက်သည်။ ၁၇၃၅ ခုနှစ်တွင် ဂျွန်နှင့်ချား ဝက်စလီ ညီနောင်နှစ်ဦးတို့သည် သာသနာပြုရန် အမေရိကန် ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်သို့ ထွက်ခွာခဲ့ကြသည်။ ဂျွန်သည် သင်္ဘောပေါ်တွင် မိုရားဗီးယားပြည်က ခရစ်ယာန်ခရီးသည်တို့၏ တည်ကြည်သော ယုံကြည်မှုကို အားကျမိခဲ့သည်။ အမေရိကန်နိုင်ငံ၌ သာသနာပြု ခြင်းသည် မအောင်မြင်လှသောကြောင့် ၁၇၃၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြန်လာပြီးလျှင် မိုရာဗီးယားအမျိုးသားတို့၏ အယူဝါဒဆိုင်ရာ ယုံကြည်မှုကို လေ့လာသည်။ ထို့နောက် ၁၇၃၈ ခုနှစ်၊ မေလ ၂၄ ရက်နေ့ညဉ့်တွင် မိုရားဗီးယား အမျိုးသားတို့၏ အစည်းအဝေးတစ်ခုသို့ တက်ရောက်နေစဉ် မိမိ၏ အယူဝါဒဆိုင်ရာ ယုံကြည်မှုအသစ်ကို ဟောပြောရန်ဆုံးဖြတ်ခဲ့သည်။ ထိုအခါမှစ၍ ဂျွန်ဝက်စလီသည် မိမိ၏ ယုံကြည်ချက်ကို လှည့်လည်ဟော ပြောခဲ့လေသည်။

အင်္ဂလန် သာသနာဂိုဏ်းက ဘုန်းတော်ကြီးများသည် ဂျွန် ဝက်စလီ၏ အယူအဆကို လက်မခံနိုင်ကြသဖြင့် မိမိတို့နှင့်ဆိုင်ရာ ဘုရား ရှိခိုးကျောင်းများ၌ တရားဟောပြောခွင့် မပြုချေ။ ထို့ကြောင့် ဝက်စလီသည် လဟာပြင်ဟောပြောပွဲများကို စီစဉ်၍ လူထုအား ဟောပြောရသည်။ တစ်နှစ် အတွင်း မိုင်ပေါင်း ၅ဝဝဝ ခန့်မျှ ခရီးပေါက်အောင် လှည့်လည်၍ တရားဟောသည်။ အင်္ဂလန်နိုင်ငံ၌ တစ်နေရာမှ တစ်နေရာသို့ မြင်းစီးသွားလာလေ့ ရှိသည်။ ဝက်စလီ၏ဝါဒကို နှစ်သက်လက်ခံသူတို့သည်လည်း အတိုက်အခံ ပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း အကြားမှာပင် တိုးပွားများပြားလာသည်။ ထိုအခါ နောက်လိုက်များပါဝင်သော အဖွဲ့အစည်းတို့ကို စနစ်တကျ ဖွဲ့စည်းပေးသည်။ အယူဝါဒနှင့်ဆိုင်သော စာရွက်စာတမ်း မြောက်မြားစွာကိုလည်း ပြုစုရေးသားခဲ့သည်။ သို့ရာတွင် ဂျွန် ဝက်စလီသည် အင်္ဂလန် သာသနာ ဂိုဏ်းမှခွဲထွက်၍ သာသနာဂိုဏ်းသစ်တစ်ခုကို တည်ထောင်ရန် မရည်ရွယ်ခဲ့ချေ။ ထိုကြောင့် သူကွယ်လွန်ပြီးနောက်မှသာ မက်သဒစ် ခရစ်ယာန်ဂိုဏ်း ဟူ၍ သီးခြားတည်ထောင်ကြသည်။ မက်သဒစ် ခရစ်ယာန်သာသနာသည် အင်္ဂလန်၊ စကော့တလန်နှင့် အိုင်ယာလန်နိုင်ငံတို့တွင် အခြေကျပြီးလျှင် အမေရိကန်ပြည်ထောင်စုသို့ ပျံ့နှံ့ရောက်ရှိသည်။ ဂျွန်ဝက်စလီသည် ၁၇၉၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကွယ်လွန်လေသည်။ ချားဝက်စလီ (ခရစ် ၁၇ဝ၇-၁၇၈၈) သည် အစ်ကို ဂျွန်ဝက်စလီ နှင့်အတူ မက်သဒစ်ခရစ်ယာန်သာသနာလုပ်ငန်း၌ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ် သည်။ ဓမ္မသီချင်းပေါင်း ၆,ဝဝဝကျော်မျှ ရေးစပ်ခဲ့သူအဖြစ်ဖြင့် ပို၍ ထင်ရှားသည်။[]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)